LIFT သည် စနစ်တကျ ပြောင်းလဲမှုအတွက် အကျိုးသက်ရောက်မှု ကြီးမားတဲ့ ယန္တရားကောင်းတစ်ခု ဖြစ်ပါသည်။
အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ (LIFT) သည် ၂၀၀၉ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည့် အလှူရှင် အများအပြား ပံ့ပိုး ပေးသည့် ရန်ပုံငွေ အဖွဲ့ ဖြစ်ပြီး၊ မြန်မာပြည်သူများအတွက် ရေရှည်ဖွံ့ဖြိုးရေး ရလဒ်ကောင်းတွေ ရရှိစေရေးကို အဓိကထား ဆောင်ရွက်နေပါသည်။
မဟာဗျူဟာမြောက် ဦးတည်ချက်
လက်ရှိ LIFT မဟာဗျူဟာ (၂၀၂၄-၂၀၂၈) သည် လျင်မြန်စွာ ပြောင်းလဲနေသော အခြေအနေများအောက်တွင် စားနပ်ရိက္ခာဖူလုံရေးနှင့် အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရလဒ်ကောင်းများကို ရရှိစေရေးအတွက် LIFT ၏ ကြီးမားသော မျှော်မှန်းချက်ကို ပံ့ပိုးပေးထားပါသည်။ ပစ်မှတ်ထားသော၊ မူဝါဒနှင့်အညီဖြစ်သော၊ နှင့် အထောက်အထားအပေါ် အခြေပြုသော လုပ်ငန်းအစီအစဉ်များမှတစ်ဆင့် LIFT သည် အောက်ပါ အဓိက ရလဒ် သုံးခုအပေါ် အခြေခံ၍ စီမံကိန်းများကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည် -
- စားနပ်ရိက္ခာစနစ်တွင် ကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်သူများအနေဖြင့် အာဟာရပြည့်ဝသော အစားအစာများ ထုတ်လုပ်မှုကို တိုးမြှင့်လုပ်ဆောင်နိုင်စေရန်၊
- အာဟာရပြည့်ဝသော အစားအစာများကို ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာနှင့် ငွေကြေးဆိုင်ရာအရ လက်လှမ်းမီ ရရှိနိုင်မှု ပိုမိုကောင်းမွန်လာစေရန်၊ နှင့်
- ပြည်သူများ စီးပွားရေးလုပ်ငန်းများ စတင်ရန် သို့မဟုတ် ပိုမိုကောင်းမွန်လာစေရန် (သို့မဟုတ်) အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက် ကူညီပံ့ပိုးပေးရန်။
LIFT သည် အဓိက စီမံကိန်းများတွင် အောက်ပါအကြောင်းအရာတို့ကိုလည်း ဆောင်ရွက်ပေးပါသည်။
- အကောင်းဆုံးသော အာဟာရဆိုင်ရာ နှင့် ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး (WASH) ဆိုင်ရာ အလေ့အကျင့်ကောင်းများကို ပိုမိုကျင့်သုံးလာစေခြင်း၊
- အနုတ်လက္ခဏာဆောင်သည့် ကိုင်တွယ် ဖြေရှင်းမှု နည်းလမ်းများကို လျှော့ချခြင်း၊
- ကာကွယ်စောင့်ရှောက်ရေး ဝန်ဆောင်မှုများကို ပိုမို လက်လှမ်းမီလာအောင် ဆောင်ရွက်ရန်၊ နှင့်
- အဓိကဦးစားပေးလုပ်ငန်းများနှင့် သိသာထင်ရှားစွာ ဆက်စပ်နေသည့်နေရာများတွင် ဒေသခံများ၏ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးရန်။
LIFT ၏ ဘက်စုံထောင့်စုံ ချဉ်းကပ်မှုနည်းလမ်းသည် ရပ်ရွာအဆင့်တွင် တိုက်ရိုက် အကူအညီပေးပြီး ဈေးကွက်စနစ်များကို ခိုင်မာအားကောင်းစေပါသည်။ ၎င်းတွင် ပုဂ္ဂလိကကဏ္ဍ၏ ပါဝင်ပတ်သက်မှုကို အားပေးခြင်းနှင့် ရေရှည်တည်တံ့သော စနစ်တကျ ပြောင်းလဲမှုဖြစ်စေရန်အတွက် အထောက်အကူပြုသော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးတည်ဆောက်ပေးခြင်းတို့ ပါဝင်သည်။
လုပ်ငန်းဆောင်ရွက်သည့် ပတ်ဝန်းကျင်
မြန်မာနိုင်ငံသည် ရာသီဥတု၊ စီးပွားရေးနှင့် နိုင်ငံရေးအခြေအနေများတွင် အကျပ်အတည်းများစွာကို ရင်ဆိုင်နေရသော ရှုပ်ထွေးသည့် ပတ်ဝန်းကျင်တစ်ခုဖြစ်သည်။ လက်ရှိ မဟာဗျူဟာမူဘောင်တွင် အရေးပါသော အချိန်ကာလများ၌ ဖွံ့ဖြိုးရေးအောင်မြင်မှုများကို ကာကွယ်နိုင်သည့် လုပ်ငန်းစဉ်များကို ထည့်သွင်းလုပ်ဆောင်ထားသည်။ ယင်းတွင် စားနပ်ရိက္ခာ ဖူလုံရေးနှင့် အသက်မွေးဝမ်းကျောင်းမှုကဏ္ဍများ၌ ကြိုးပမ်းရရှိထားသော အကျိုးရလဒ်များကို ပြန်လည်ထိန်းသိမ်းရန် နှင့် ကာကွယ်ရန် ရည်ရွယ်သည့် စီမံကိန်းများတွင် တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးအစီအစဉ်များကို ထည့်သွင်းပါဝင်စေခြင်း ဖြစ်သည်။ ဤချဉ်းကပ်မှုက LIFT အနေဖြင့် လျင်မြန်စွာတုံ့ပြန်နိုင်စွမ်းရှိခြင်း၊ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ခြင်းနှင့် အထောက်အထားများအပေါ်တွင် အခြေပြုခြင်းတို့ကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် သေချာစေပါသည်။
ယခင်မဟာဗျူဟာများ
ပထမအကြိမ် မဟာဗျူဟာ (၂၀၀၉-၂၀၁၂) သည် ၂၀၀၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော နာဂစ်မုန်တိုင်းကြောင့် ထိခိုက်ခံစားခဲ့ရသည့် ကျေးလက်နေအိမ်ထောင်စုများ၏ ပြန်လည်ထူထောင်ရေးကို ပံ့ပိုးပေးသည့် အလယ်အလတ်ကာလဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှုများအပေါ် အလေးထားအာရုံစိုက်ခဲ့သည်။
ဒုတိယအကြိမ် မဟာဗျူဟာ (၂၀၁၂-၂၀၁၄) တွင် စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးမဟုတ်သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများမှတဆင့် ဖွံ့ဖြိုးတိုးတက်မှုကို ရည်ရွယ်သည့် စီမံကိန်းလုပ်ငန်းများကို ပြောင်းလဲလုပ်ဆောင်ခဲ့သည်။
တတိယအကြိမ် မဟာဗျူဟာ (၂၀၁၅-၂၀၁၈) သည် အိမ်ထောင်စုအသက်မွေးဝမ်းကျောင်း နည်းလမ်းများကို မတူကွဲပြားစွာ ဆောင်ရွက်ခဲ့ပြီး ဖွံ့ဖြိုးရေးဆိုင်ရာ ချဉ်းကပ်မှုကို ချဲ့ထွင်ခဲ့သည်။ “တောင့်ထား၊ တက်လှမ်း၊ ထွက်ခွာ” ဟု ဖော်ပြခဲ့ပြီး၊ ၎င်းတွင် အာဟာရကဏ္ဍ၊ ရွှေ့ပြောင်းသွားလာရေး နှင့် ငွေကြေးဆိုင်ရာတွင် အားလုံးပါဝင်စေမှု တို့ အပေါ်တွင် အလေးထား အလေးထား အာရုံစိုက်သည့် စီမံကိန်းအသစ်များကို မိတ်ဆက်ခဲ့ပြီး ပုဂ္ဂလိကကဏ္ဍပါဝင်မှု၊ စနစ်ပိုင်းဆိုင်ရာ လုပ်ငန်းများနှင့် မူဝါဒအဆင့် လုပ်ဆောင်ချက်များကိုလည်း ထည့်သွင်းလုပ်ဆောင်ခဲ့သည်။
စတုတ္ထအကြိမ် မဟာဗျူဟာ (၂၀၁၉-၂၀၂၃) သည် ယခင်အောင်မြင်မှုများကို ဆက်လက်အသုံးချရန် ကြိုးပမ်းခဲ့ပြီး မြန်မာနိုင်ငံ၏ တိုးတက်မှု၊ အသွင်ကူးပြောင်းမှုနှင့် မူဝါဒရေးဆွဲမှု ပတ်ဝန်းကျင်အပေါ် အပြုသဘောဆောင်သော မျှော်မှန်းချက်ဖြင့် တွန်းအားပေး ဆောင်ရွက်ခဲ့သည်။ အဓိက ရည်ရွယ်ချက်မှာ “မည်သူမှ မကျန်ရစ်စေရေး” ဖြစ်ပြီး၊ အားနည်းထိခိုက်လွယ်ဆုံးသူများထံ ပံ့ပိုးမှုများ ရောက်ရှိရန် ဖြစ်သည်။


