ရာသီဥတုနဲ့ လိုက်လျောညီထွေရှိသော ထုတ်လုပ်မှု၊ အာဟာရပြည့်ဝသည့် အစားအစာများ လက်လှမ်းမီရေး နှင့် ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းမှုတို့သည် LIFT ၏ အဓိက အလေးထားအာရုံစိုက်ရာ ကဏ္ဍများဖြစ်သည်။

လက်ရှိ မဟာဗျူဟာ အရ LIFT မှ ရန်ပုံငွေပံ့ပိုးထားသည့် စီမံကိန်းများသည် အောက်ပါ အဓိကဦးစားပေး လုပ်ငန်းရပ်များအပေါ် အခြေခံထားပါသည် -

  • အာဟာရပြည့်ဝသော အစားအစာ ထုတ်လုပ်မှုကို မြှင့်တင်နိုင်ရန်အတွက် အစားအစာထုတ်လုပ်မှုစနစ်တွင် ပါဝင်ပတ်သက်နေသူများကို ပံ့ပိုးပေးခြင်း။ (ရာသီဥတုနှင့် လိုက်လျောညီထွေရှိသော စိုက်ပျိုးရေးနည်းလမ်းများ အပါအဝင်)
  • အာဟာရပြည့်ဝသော အစားအစာများကို ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာနှင့် ငွေကြေးဆိုင်ရာအရ လက်လှမ်းမီ ရရှိနိုင်မှု ပိုမိုကောင်းမွန်လာစေရန် ဆောင်ရွက်ခြင်း၊ နှင့်
  • စီးပွားရေးလုပ်ငန်းများ စတင်နိုင်ရန် (သို့မဟုတ်) ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ရန်အတွက် ကူညီဆောင်ရွက်ပေးခြင်း။

LIFT သည် အထက်ဖော်ပြပါ အဓိကဦးစားပေးလုပ်ငန်းများနှင့် ဆက်စပ်မှုရှိသော လုပ်ငန်းများဖြစ်သည့် အကောင်းဆုံးသော အာဟာရဆိုင်ရာ အလေ့အကျင့်များနှင့် ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး (WASH) လုပ်ငန်းစဉ်များကို ပိုမိုလိုက်နာကျင့်သုံးလာစေရန်၊ ဆိုးကျိုးဖြစ်စေသော ဖြေရှင်းမှုနည်းလမ်းများ ကို လျှော့ချရန်၊ ကာကွယ်စောင့်ရှောက်ရေးဝန်ဆောင်မှုများကို ပိုမိုလက်လှမ်းမီစေရန်နှင့် ဒေသတွင်းစွမ်းဆောင်ရည်များကို မြှင့်တင်ရန် တို့ကိုလည်း ပံ့ပိုးကူညီပေးပါသည်။

ရှုပ်ထွေးသော အခြေအနေတွင် လုပ်ငန်းများဆောင်ရွက်နေသည်ဖြစ်သောကြောင့် LIFT သည် ကြံ့ကြံ့ခံနိုင်မှုနှင့် တုံ့ပြန်ဆောင်ရွက်ရေး ယန္တရားများကို တည်ဆောက်ခြင်းအားဖြင့် ဖြစ်ပေါ်လာနိုင်သည့် ရုတ်တရက်အကျပ်အတည်းများမှ ကြိုးပမ်းရရှိထားသော ဖွံ့ဖြိုးတိုးတက်မှုရလဒ်များကို ကာကွယ်စောင့်ရှောက်လျက်ရှိပါသည်။

ရာသီဥတုနဲ့ လိုက်လျောညီထွေရှိသော အစားအစာ ထုတ်လုပ်မှု

LIFT သည်  ရာသီဥတုနှင့် လိုက်လျောညီထွေစွာ အစားအစာ ထုတ်လုပ်စေခြင်း အပါအဝင် အာဟာရပြည့်ဝသော အစားအစာများကိုထုတ်လုပ်နိုင်စေရန် ပံ့ပိုးကူညီရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ LIFT ၏ စီမံကိန်းလုပ်ငန်းများသည် အစားအစာထုတ်လုပ်မှုစနစ် တစ်ခုလုံးကို ဦးတည်၍ မြန်မာနိုင်ငံရှိ စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်းနှင့် သစ်တောကို မှီခိုအားထားနေရသော လူမှုအသိုက်အဝန်းများအတွက် အောက်ပါအတိုင် အလေးပေးဆောင်ရွက်လျက်ရှိပါသည် -

  • ရာသီဥတုဒဏ်ခံနိုင်သော သွင်းအားစုများကို ရရှိစေရန် ကူညီဆောင်ရွက်ပေးခြင်း - ရာသီဥတုနှင့် ကိုက်ညီအောင် ပြုပြင်ပြောင်းလဲထားသော သီးနှံများ၊ မွေးမြူရေး တိရိစ္ဆာန်များနှင့် ရေနေသယံဇာတများ ပါဝင်ပါသည်။
  • ပေါင်းစပ်စိုက်ပျိုးမွေးမြူရေး စနစ်များကို ပံ့ပိုးပေးခြင်း - ရာသီဥတုဒဏ်ခံနိုင်သော "သီးနှံ-မွေးမြူရေး-ငါး" ပေါင်းစပ်ထုတ်လုပ်မှု စနစ်များကို ကျင့်သုံးလာစေရန် ဆောင်ရွက်ပါသည်။
  • ရေရှည်တည်တံ့သော တန်ဖိုးကွင်းဆက်များ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် ဖြစ်နိုင်ခြေရှိသော စိုက်ပျိုးရေးပြင်ပ လုပ်ငန်းများကို မြှင့်တင်ပေးခြင်း။
  • လူထုဦးဆောင်သော သဘာဝသယံဇာတ စီမံခန့်ခွဲမှုကို အားကောင်းစေခြင်း - ဂေဟစနစ်မှ ရရှိသော အကျိုးကျေးဇူးများကို အထောက်အကူဖြစ်စေရန်အတွက် သဘာဝသယံဇာတများ (အထူးသဖြင့် ရေနှင့် မြေဆီလွှာကို ထိရောက်စွာ စီမံခန့်ခွဲမှု) ကို ရေရှည်တည်တံ့သော နည်းလမ်းများဖြင့် အသုံးပြုခြင်းဖြစ်သည်။

အာဟာရပြည့်ဝသော အစားအစာများ လက်လှမ်းမီရေး

အာဟာရပြည့်ဝသော အစားအစာများကို ထုတ်လုပ်နိုင်ရုံမျှဖြင့် ထိခိုက်လွယ်နိုင်ခြေကို လျှော့ချရန်နှင့် မျှတမှုရှိသည့် အာဟာရရလဒ်ကောင်းများကို ဖော်ဆောင်ရန်အတွက် မလုံလောက်ပါ။ LIFT သည် အောက်ပါလုပ်ဆောင်ချက်များမှတစ်ဆင့် ကြံ့ကြံ့ခံနိုင်ရည်ရှိပြီး လက်လှမ်းမီနိုင်သော အစားအစာစနစ်များကို တည်ဆောက်လျက်ရှိပါသည် -

  • အာဟာရပြည့်ဝသော အစားအစာများကို ရုပ်ပိုင်းဆိုင်ရာအရ လက်လှမ်းမီရရှိနိုင်မှု အားကောင်းစေခြင်း - လုပ်ကွက်ငယ် တောင်သူများနှင့် အတူ လက်တွဲလုပ်ဆောင်ခြင်း၊ စျေးကွက်ချိတ်ဆက်မှုများ မြှင့်တင်ပေးခြင်းနှင့် အကျပ်အတည်းများကို ကြံ့ကြံ့ခံနိုင်သော ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်များကို ဖော်ဆောင်ပေးခြင်းတို့ ပါဝင်ပါသည်။
  • ငွေကြေးအရ လက်လှမ်းမီနိုင်မှုကို မြှင့်တင်ပေးခြင်း - အိမ်ထောင်စုများအနေဖြင့် အာဟာရစုံလင်စွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းမှုများ၊ ဝင်ငွေရရှိမည့် အခွင့်အလမ်းများနှင့် လိုအပ်သလို တိုးချဲ့ဆောင်ရွက်နိုင်သော လူမှုဖူလုံရေးလုပ်ငန်းများကို ပံ့ပိုးပေးခြင်းတို့ ဖြစ်ပါသည်။
  • လူမှုရေးအရ လက်လှမ်းမီမှုကို မြှင့်တင်ပေးခြင်း - အာဟာရပြည့်ဝသော အစားအစာများ ရရှိရန်အတွက် အတားအဆီးဖြစ်နေသည့် အချက်များကို ဂုဏ်သိက္ခာရှိစွာ ဖြေရှင်းပေးခြင်းနှင့် ဒေသတွင်း ပါဝင်ပတ်သက်သူများနှင့် ပူးပေါင်း၍ အစားအစာထုတ်လုပ်မှုနှင့် အသက်မွေးဝမ်းကျောင်းမှုများကို မြှင့်တင်ပေးမည့် ရပ်ရွာလူထုအခြေပြုအဖွဲ့အစည်းများ တည်ထောင်ခြင်းတို့ ဖြစ်ပါသည်။

စီးပွားရေးလုပ်ငန်းများနှင့် အလုပ်အကိုင် အခွင့်အလမ်းများ 

LIFT သည် ရေရှည်တည်တံ့ပြီး ကောင်းမွန်သော စီးပွားရေးလုပ်ငန်းများနှင့် အလုပ်အကိုင်များ ဖန်တီးပေးနိုင်ရန် နှင့် ဆိုးကျိုးဖြစ်စေသော ဖြေရှင်းမှုနည်းလမ်းများကို လျှော့ချရန် အောက်ပါအတိုင်း ဆောင်ရွက်လျက်ရှိပါသည် -

  • ဝင်ငွေရရှိမည့် လုပ်ငန်းများ၊ သင့်တော်ကောင်းမွန်သော အလုပ်အကိုင်၊ ကျွမ်းကျင်မှု အရည်အသွေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘေးကင်းသော ရွှေ့ပြောင်းသွားလာမှုကို ပံ့ပိုးပေးခြင်း - ကျွမ်းကျင်မှုသင်တန်းများပေးခြင်း နှင့် စွန့်ဦးတီထွင် လုပ်ငန်းလုပ်ကိုင်မှုဆိုင်ရာ သင်တန်းများ ပေးခြင်း၊ ဘေးကင်းသော ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ အသိပညာပေးခြင်း၊ သင့်တော်ကောင်းမွန်သော လုပ်ငန်းခွင်စံနှုန်းများကို မြှင့်တင်ပေးခြင်းနှင့် အလုပ်အကိုင်ရရှိရန် အတားအဆီးများကို ဆန်းသစ်သော နည်းလမ်းများဖြင့် ဖြေရှင်းပေးခြင်းတို့ ပါဝင်ပါသည်။
  • အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (အထူးသဖြင့် အမျိုးသမီးများ၊ လူငယ်များနှင့် အမေ့လျော့ခံပြည်သူများ ဦးဆောင်သော လုပ်ငန်းများ) ကို ဖွံ့ဖြိုးတိုးတက်စေခြင်း - ငွေကြေးနှင့် နည်းပညာဆိုင်ရာ အကူအညီများ ပေးခြင်း၊ စျေးကွက်ရရှိနိုင်ခြေ ဆန်းစစ်ခြင်း၊ စီးပွားရေးလုပ်ငန်း စီမံချက်များ ရေးဆွဲခြင်း၊ ချေးငွေချိတ်ဆက်ပေးခြင်းနှင့် စီးပွားရေးကွန်ရက်များနှင့် တန်ဖိုးကွင်းဆက်များကို အားကောင်းစေခြင်းတို့ ဆောင်ရွက်ပါသည်။
  • စီးပွားရေးကဏ္ဍတွင် အားလုံးပါဝင်နိုင်မှုကို မြှင့်တင်ပေးခြင်း - ဘဏ္ဍာရေးဆိုင်ရာ နည်းလမ်းများနှင့် ဝန်ဆောင်မှုများကို ပိုမိုလက်လှမ်းမီစေခြင်း၊ ကျေးရွာအဆင့် ငွေစုငွေချေး အစုအဖွဲ့များကို ပံ့ပိုးပေးခြင်းနှင့် ငွေကြေးဆိုင်ရာ အသိပညာပေး သင်တန်းများ ပေးခြင်းတို့ကို လုပ်ဆောင်ပါသည်။
  • မရေရာသော စီးပွားရေး ပတ်ဝန်းကျင်တွင် ကြံ့ကြံ့ခံနိုင်စွမ်းနှင့် လိုက်လျောညီထွေရှိမှု တိုးတက်စေရန် ကဏ္ဍစုံသုံး ကျွမ်းကျင်မှုများကို ဦးတည်ထားပြီး မြှင့်တင်ဆောင်ရွက်ခြင်း။

ရုတ်တရက်ဖြစ်ပေါ်တတ်သော အကျပ်အတည်းများ

LIFT အနေဖြင့် လူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရုံမျှဖြင့် မလုံလောက်ဘဲ၊ ခက်ခဲစွာ ကြိုးပမ်းရယူထားသည့် အောင်မြင်မှုရလဒ်များကို သဘာဝဘေးအန္တရာယ်ကဲ့သို့သော ရုတ်တရက် အကျပ်အတည်းများ (Shocks) ထံမှ ကာကွယ်စောင့်ရှောက်ရန်မှာလည်း အလွန်အရေးကြီးကြောင်း ခိုင်မာစွာ ယုံကြည်ထားပါသည်။ သို့ဖြစ်၍ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပြည်သူလူထုအကြား ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်းများကို လုပ်ဆောင်ကာ ကြံ့ကြံ့ခံနိုင်စွမ်း မြင့်မားလာစေရန် LIFT က ကူညီပံ့ပိုးပေးလျက်ရှိပါသည်။ ဘေးအန္တရာယ် တစ်စုံတစ်ရာ ကျရောက်လာပါက LIFT ၏ စီမံကိန်းလုပ်ငန်းစဉ်များကို ပုံမှန်ဖွံ့ဖြိုးရေးလုပ်ငန်းများမှ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများသို့ နာရီပိုင်းအတွင်း အမြန်ဆုံး ကူးပြောင်းလုပ်ဆောင်နိုင်မည့် အစီအမံများကို ကြိုတင်ထည့်သွင်း ရေးဆွဲထားပါသည်။ ဤကဲ့သို့ ကြိုတင်ပြင်ဆင်ထားရှိမှုကြောင့် LIFT အနေဖြင့် ဘေးအန္တရာယ်များ ဖြစ်ပေါ်လာချိန်တွင် အချိန်နှင့်တစ်ပြေးညီ ထိရောက်လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ခြင်း ဖြစ်ပါသည်။