LIFT သည် စားနပ်ရိက္ခာဖူလုံရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို မြှင့်တင်ပေးခြင်းဖြင့် ပြည်သူလူထု၏ ကြံ့ခိုင်သန်မာမှုနှင့် ဂုဏ်သိက္ခာကို မြှင့်တင်ပေးပါသည်။

LIFT ၏ ချဥ်းကပ်နည်းလမ်းများတွင် အဓိကကျသော အချက် (၄) ချက် ပါဝင်ပါသည်။

  • အထောက်အထား အချက်အလက်နှင့်ပြည့်စုံခြင်း – အထောက်အထားအခြေပြု အလေ့အကျင့်ကောင်းများနှင့် အတွေ့အကြုံများကို မျှဝေခြင်း။
  • အားလုံးပါဝင်နိုင်ခြင်း – ကျား၊ မ ရေးရာ တန်းတူညီမျှမှုကို မြှင့်တင်ပေးခြင်းနှင့် မသန်စွမ်းသူများ နှင့် မေ့လျော့ခံပြည်သူလူထုကို ထည့်သွင်းစဉ်းစားသည့် လုပ်ငန်းစဉ်များမှတဆင့် လူမှုရေးအရ အားလုံးပါဝင်နိုင်မှုကို မြှင့်တင်ပေးခြင်း။
  • အခြေအနေနှင့် လိုက်လျောညီထွေရှိခြင်း – ဒေသတွင်း ထိလွယ်ရှလွယ်မှုများနှင့် ဖြစ်လာနိုင်သည့် ဘေးအန္တရာယ်များကို သတိပြု၍ လိုက်လျောညီထွေ ဆောင်ရွက်ခြင်း။
  • ဒေသခံများကို ဦးစားပေးခြင်း – ဒေသခံအဖွဲ့အစည်းများနှင့် ဒေသအခြေပြု ဆောင်ရွက်မှုများကို မြှင့်တင်ပေးခြင်း။

အထောက်အထားအခြေပြုခြင်း

LIFT သည် စီမံကိန်းလုပ်ငန်း တစ်လျှောက်လုံးတွင် ခိုင်မာ ပြည့်စုံသော အထောက်အထား အချက်အလက် ဖော်ထုတ်သည့် လုပ်ငန်းစဉ်ကို အလေးထား ကျင့်သုံးပါသည်။ LIFT အနေဖြင့် လုပ်ငန်းဆောင်ရွက်နေသော ဒေသများရှိ အချိန်နှင့်တပြေးညီ တိုးတက်ပြောင်းလဲမှုများ၊ အလေ့အကျင့်ကောင်းများနှင့်  အလားတူ အခြေအနေရှိသော အခြားဒေသများ၏ စီမံကိန်းလုပ်ငန်းဆိုင်ရာ အလားအလာများကို မျက်ခြေမပြတ် လေ့လာစောင့်ကြည့်လျက် ရှိပါသည်။ ပြည့်စုံသော ဒေသန္တရအခြေအနေနှင့် ထိခိုက်လွယ်မှုဆိုင်ရာ ဆန်းစစ်ချက်များသည် အချက်အလက် အထောက်အထားများအပေါ် အခြေခံ၍ လုပ်ငန်းစဉ်များကို ခိုင်မာစွာ ဖော်ဆောင်နိုင်စေရန် အာမခံချက်ပေးပါသည်။ စနစ်တကျရှိသော စောင့်ကြည့်စစ်ဆေးခြင်း၊ အကဲဖြတ် သုံးသပ်ခြင်း၊ တာဝန်ခံခြင်းနှင့် လေ့လာသင်ယူခြင်း(MEAL) လုပ်ငန်းစဉ်များသည် တာဝန်ယူမှုကို ပိုမိုအားကောင်းစေပြီး၊ အခြေအနေနှင့်အညီ ပြုပြင်ပြောင်းလဲ သင်ယူမှုကို ပံ့ပိုးပေးကာ အရည်အသွေးမြင့်မားသော စီမံကိန်းပုံစံများကို ဖြစ်ပေါ်စေပါသည်။ ရန်ပုံငွေများကို အထိရောက်ဆုံး သုံးစွဲနိုင်ရန်နှင့် အကောင်းဆုံးသော ဖွံ့ဖြိုးရေးရလဒ်များ ဖော်ဆောင်နိုင်ရန်အတွက်၊ ပြည်တွင်းပြည်ပမှ ကွဲပြားစုံလင်သော အထောက်အထား အချက်အလက်များကို စနစ်တကျ ပေါင်းစပ်အသုံးချလျက် ရှိပါသည်။ 

ကျား၊ မ ရေးရာတန်းတူညီမျှမှု၊ မသန်စွမ်းမှုနှင့် လူမှု အားလုံးအကျုံးဝင်ပါဝင်မှု 

LIFT သည် စီမံကိန်းစတင်ရေးဆွဲချိန်မှ ပြီးဆုံးသည်အထိ အားလုံးပါဝင်နိုင်စေရန်အတွက် ကျား၊ မ တန်းတူညီမျှမှု၊ မသန်စွမ်းမှုနှင့် လူမှုရေးအရ အားလုံးပါဝင်နိုင်မှုဆိုင်ရာ မူဘောင်များ၊ လိုက်နာဆောင်ရွက်ရန် နည်းလမ်းများ နှင့် လမ်းညွှန်ချက်များကို ဖော်ဆောင်ထားပါသည်။ လူတစ်ဦးချင်းစီ၏ အခန်းကဏ္ဍ၊ ဦးဆောင်နိုင်မှုနှင့် စွမ်းဆောင်ရည်များကို အလေးထားခြင်းအားဖြင့် LIFT သည် မလိုလားအပ်သော နောက်ဆက်တွဲဆိုးကျိုးများကို အနည်းဆုံးဖြစ်အောင် လျှော့ချပေးပြီး အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၊ မသန်စွမ်းသူများနှင့် မေ့လျော့ခံပြည်သူလူထုအအတွက် ကောင်းမွန်သော ရလဒ်များကို ဖော်ဆောင်ပေးပါသည်။

ဒေသအခြေအနေအပေါ် မူတည်၍ တုံ့ပြန်ဆောင်ရွက်ခြင်း 

LIFT သည် စီမံကိန်းကာလ တစ်လျှောက်လုံးတွင် ဒေသအခြေအနေအပေါ် မူတည်၍ တုံ့ပြန်ဆောင်ရွက်ခြင်းနှင့် အချက်အလက် အထောက်အထားများ ဖော်ထုတ်ခြင်းတို့ကို ပေါင်းစပ်ထည့်သွင်းထားပြီး၊ LIFT ၏ လုပ်ငန်းဆောင်ရွက်ချက်များသည် ပြောင်းလဲနေသော နိုင်ငံရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများနှင့် ကိုက်ညီမှုရှိနေစေရန် ဆောင်ရွက်ပါသည်။ ၎င်းတွင် စီမံကိန်းလုပ်ငန်းများနှင့် ဒေသန္တရအခြေအနေများ အကြား အပြန်အလှန် သက်ရောက်မှုများကို ဆန်းစစ်ခြင်း၊ လုပ်ငန်းစဉ်များသည် ပြောင်းလဲလာသော အခြေအနေများအပေါ် လိုက်လျောညီထွေရှိစေခြင်းနှင့် ‘ထိခိုက်မှုမရှိစေရေး’ (Do No Harm) လမ်းစဥ်အတိုင်း လိုက်နာဆောင်ရွက်ခြင်းတို့ ပါဝင်ပါသည်။

ဒေသအခြေပြု ဖွံ့ဖြိုးတိုးတက်မှု

LIFT သည် ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အေဂျင်စီများ၊ လူမှုအဖွဲ့အစည်းများ၊ ပညာရေးနှင့် သုတေသနအဖွဲ့များ၊ နှင့် ပုဂ္ဂလိကကဏ္ဍ အစရှိသည့် မိတ်ဖက်အဖွဲ့အစည်း အမျိုးမျိုးနှင့် ပူးပေါင်းဆောင်ရွက်ပါသည်။ ဒေသခံများဦးဆောင်သော ဖွံ့ဖြိုးတိုးတက်မှုသည် LIFT ၏ အဓိကမဏ္ဍိုင်တစ်ခု ဖြစ်သည့်အတွက် ဒေသခံအဖွဲ့အစည်းများကို ပိုမိုဦးစားပေး လက်တွဲဆောင်ရွက်လျက်ရှိပါသည်။

ဒေသအခြေပြု ဆောင်ရွက်မှု (Localisation) ၏ အနှစ်သာရမှာ နိုင်ငံတကာ အဖွဲ့အစည်းများထံမှ လုပ်ပိုင်ခွင့်နှင့် ဆုံးဖြတ်ချက်ချနိုင်စွမ်းတို့ကို အလွှာအသီးသီးရှိ ပြည်တွင်းအဖွဲ့အစည်းများထံသို့ စစ်မှန်စွာ လွှဲပြောင်းပေးရန် ဖြစ်ပါသည်။ LIFT ၏ ရေရှည်ရည်မှန်းချက်မှာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဒေသခံများ ကိုယ်တိုင်ဦးဆောင်၍ ရေရှည်တည်တံ့အောင် ဆောင်ရွက်နိုင်သည့် မြန်မာနိုင်ငံဖြစ်လာစေရန် တက်ကြွစွာ ပါဝင်ကူညီရန် ဖြစ်ပါသည်။ ဤရည်မှန်းချက်ကို အကောင်အထည်ဖော်ရန်အတွက် LIFT သည် မျှတသော မိတ်ဖက်ဆက်ဆံရေး၊ ဒေသခံအဖွဲ့များ စွမ်းဆောင်ရည်မြှင့်တင်ရန်အတွက် အရင်းအမြစ်များ ပံ့ပိုးပေးခြင်း၊ ဘေးအန္တရာယ်နှင့် စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်ဖြေရှင်းခြင်းနှင့် ပြည်သူလူထုကိုယ်တိုင် ပါဝင်ဆောင်ရွက်ခြင်းတို့ကို အဓိကထား ဆောင်ရွက်လျက်ရှိပါသည်။