(၂၀၂၆ ခုနှစ် မေလ ၁၂ ရက်၊ အပြည်ပြည်ဆိုင်ရာ အပင်ကျန်းမာရေးနေ့)

အပင်ကျန်းမာရေးကို နည်းပညာဆိုင်ရာ အယူအဆများ သို့မဟုတ် “စိုက်ပျိုးရေးလက်ရာကောင်းမှု” ကဲ့သို့သော ယုံကြည်မှုဆန်သည့် အဓိပ္ပာယ်များဖြင့် မကြာခဏ ပြောဆိုလေ့ရှိသည်။ သို့သော် တောင်သူများအတွက်တော့ အပင်ကျန်းမာရေးသည် ထို့ထက်ပို လက်တွေ့ကျပြီး နေ့စဉ်ဘဝနှင့် တိုက်ရိုက်ဆက်စပ်နေသော အရာတစ်ခုဖြစ်သည်။ အပင်ကျန်းမာရေးက သီးနှံများ ကောင်းစွာကြီးထွားနိုင်မနိုင်၊ ဝင်ငွေတည်ငြိမ်မှု ရှိမရှိနှင့် မိသားစုများအနေဖြင့် ရာသီတစ်ခုမှ တစ်ခုသို့အကူးအပြောင်းတွင် စားနပ်ရိက္ခာအပေါ် ယုံကြည်စိတ်ချမှုရှိနိုင်မနိုင်ကို သက်ရောက်မှုရှိစေသည်။ ကျန်းမာသန်စွမ်းသော အပင်များကို ပြုစုစောင့်ရှောက်ခြင်းသည် အနုပညာတစ်ရပ်လည်းဖြစ်ပြီး သိပ္ပံပညာတစ်ရပ်လည်း ဖြစ်သည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် ပြောင်းလဲလာသော ပတ်ဝန်းကျင်အခြေအနေများအောက်၌ ကျန်းမာသော သီးနှံများကို မည်သို့ စိုက်ပျိုးထိန်းသိမ်းနိုင်မည်ဆိုသည့် မေးခွန်းများသည် ပိုမိုအရေးကြီးလာနေသည်။ မိုးလေဝသပုံစံများ ပြောင်းလဲလာခြင်း၊ အပူချိန် မြင့်တက်လာခြင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဖိအားများကြောင့် စိုက်ပျိုးရေးလုပ်ငန်းများသည် ခန့်မှန်းရခက်လာပြီး စီမံခန့်ခွဲရန် ပိုမိုခက်ခဲလာနေသည်။

LIFT ၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ဤပြောင်းလဲမှုများသည် လက်တွေ့မြေပြင်တွင် သိသာစွာ ဖြစ်ပေါ်နေပြီဖြစ်ကြောင်း ရှင်းပြခဲ့သည်။ အထူးသဖြင့် အပူပိုင်းဇုန်တွေမှာ မိုးရွာသွန်းမှုပုံမှန်မရှိခြင်း၊ မုတ်သုံရာသီ နောက်ကျလာခြင်းနဲ့ ခြောက်သွေ့ကာလ ပိုမိုရှည်လျားလာခြင်းတို့ကို တွေ့မြင်နေရပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ “တစ်ဖက်မှာလည်း မြစ်ဝကျွန်းပေါ်ဒေသများမှာ ရေကြီးရေလျှံမှုတွေကြောင့် သီးနှံတွေပျက်စီးပြီး အထွက်နှုန်း လျော့နည်းလာနေပါတယ်။

ဤအခြေအနေများသည် ရာသီအလိုက် ဖြစ်ပေါ်လာသည့် ပြောင်းလဲမှုများသာ မဟုတ်တော့ပေ။ ၎င်းတို့သည် တောင်သူများ၏ ဆုံးဖြတ်ချက်ချပုံနှင့် လယ်ယာများကို စီမံထိန်းသိမ်းပုံတို့ကိုပါ ပြောင်းလဲစေသည်။ မိုးရွာသွန်းမှု မတည်ငြိမ်ခြင်းနှင့် ရာသီဥတုဆိုးရွားမှုဖြစ်စဉ်များ မကြာခဏ ဖြစ်ပေါ်လာသည့်အခါ စိုက်ပျိုးချိန်ဇယားများကို ကြိုတင်စီစဉ်ရန် ပိုမိုခက်ခဲလာသည်။ ထို့အပြင် ပိုမိုပူနွေးလာသော အခြေအနေများသည် ပိုးမွှားနှင့် ရောဂါများ ပိုမိုလွယ်ကူစွာ ပျံ့နှံ့နိုင်သည့် အနေအထားများကို ဖန်တီးပေးပြီး စိုက်ပျိုးရေးအပေါ် အန္တရာယ်တစ်ရပ် ထပ်မံတိုးပွားလာစေသည်။

ထို့ကြောင့် ကြုံတွေ့နေရသည့် စိန်ခေါ်မှုမှာ အချက်တစ်ခုတည်းမဟုတ်ဘဲ သီးနှံကြီးထွားမှုနှင့် ရိတ်သိမ်းထွက်ရှိမှု၏ တည်ငြိမ်ယုံကြည်စိတ်ချရမှုကိုပါ ထိခိုက်စေသည့် ဖိအားပေါင်းစုံ ပေါင်းစည်းလာခြင်းဖြစ်သည်။

ထို “ယုံကြည်စိတ်ချရမှု” သည် အလွန်အရေးကြီးသည်။

FAO ၏ အချက်အလက်များအရ ကမ္ဘာလုံးဆိုင်ရာ သီးနှံထွက်ရှိမှု၏ (၄၀) ရာခိုင်နှုန်းခန့်သည် ပိုးမွှားနှင့် ရောဂါများကြောင့် နှစ်စဉ် ဆုံးရှုံးလျက်ရှိသည်။ ထိုကိန်းဂဏန်း၏ နောက်ကွယ်တွင် ရိုးရှင်းသည့် အမှန်တရားတစ်ခု ရှိနေသည်- သီးနှံပျက်စီးသည့်အခါ အကျိုးသက်ရောက်မှုသည် ချက်ချင်းဖြစ်ပေါ်လာသည်။ စားနပ်ရိက္ခာ ရရှိနိုင်မှု လျော့နည်းလာပြီး ဝင်ငွေများ ကျဆင်းလာသည်။

LIFT ၏ စိုက်ပျိုးရေးဆိုင်ရာ ကျွမ်းကျင်သူက “အပင်ကျန်းမာရေးဟာ အထွက်နှုန်း၊ အရည်အသွေးနဲ့ တည်ငြိမ်မှုကို သတ်မှတ်ပေးတာကြောင့် အင်မတန်အခြေခံကျပြီး အရေးကြီးပါတယ်။ သီးနှံတွေ ကျန်းမာနေတဲ့အခါ တောင်သူများအနေနဲ့ ယုံကြည်စိတ်ချရတဲ့ စားနပ်ရိက္ခာကို ပိုမိုထုတ်လုပ်နိုင်ပြီး ဝင်ငွေလည်း ပိုမိုကောင်းမွန်လာနိုင်ပါတယ်။ ဒါပေမဲ့ သီးနှံတွေ မကျန်းမာတဲ့အခါ အကျိုးသက်ရောက်မှုကို လျင်မြန်စွာ ခံစားရပါတယ်” ဟု ရှင်းလင်းပြောကြားခဲ့သည်။

အသေးစားလယ်သမားများအတွက် ထိုအကျိုးသက်ရောက်မှုများသည် ရာသီတစ်ခုတည်းတွင်သာ မဟုတ်ပါ။ အထွက်နှုန်း လျော့နည်းခြင်းသည် များသောအားဖြင့် ထည့်သွင်းအသုံးပြုရသော တွင်းအားစုများ ပိုမိုလိုအပ်လာစေပြီး ကုန်ကျစရိတ်များ တိုးမြင့်လာစေသည်။ အချိန်ကြာလာသည်နှင့်အမျှ ရိတ်သိမ်းမှု မတည်ငြိမ်သေးပါက ငွေကြေးဖိအားများ ပိုမိုတိုးလာနိုင်သည်။

သို့သော် ရလဒ်တစ်ခုတည်းကိုသာ အာရုံစိုက်ခြင်းဖြင့် အရေးကြီးသည့် အချက်တစ်ခုကို လွဲချော်နိုင်သည်။ ဆွေးနွေးမှုတစ်လျှောက်တွင် ရှင်းလင်းစွာ ထင်ရှားလာသည့် အချက်မှာ အပင်ကျန်းမာရေးကို အချက်တစ်ခုတည်းက သတ်မှတ်ပေးခြင်း မဟုတ်ခြင်းပင် ဖြစ်သည်။

၎င်းသည် မျိုးစေ့အကြောင်းသာ မဟုတ်။
၎င်းသည် မြေဆီလွှာအကြောင်းသာ မဟုတ်။
၎င်းသည် ရာသီဥတုအကြောင်းသာ မဟုတ်။

၎င်းသည် အဆိုပါ အချက်များအားလုံး အပြန်အလှန် ချိတ်ဆက်လုပ်ဆောင်နေခြင်း ဖြစ်သည်။

အပင်ကျန်းမာရေးက သီးခြားတည်ရှိနေတဲ့ အရာမဟုတ်ပါဘူး” ဟု စိုက်ပျိုးရေးဆိုင်ရာ ကျွမ်းကျင်သူက ရှင်းပြခဲ့သည်။ “၎င်းဟာ မြေဆီလွှာ၊ ရေ၊ ရာသီဥတု၊ စိုက်ပျိုးရေးအထောက်အပံ့များနဲ့ စျေးကွက်လက်လှမ်းမီမှုတို့နဲ့ချိတ်ဆက်ပြီး သက်ရောက်မှုခံရပါတယ်။ အပိုင်းတစ်ခုတည်းကိုပဲ တိုးတက်အောင် လုပ်ဆောင်ပြီး အခြားအချက်တွေကို မဖြေရှင်းနိုင်ဘူးဆိုရင် စုစုပေါင်း အကျိုးသက်ရောက်မှုမှာ အကန့်အသတ်ရှိနေပါလိမ့်မယ်။

ဤနေရာတွင် LIFT ၏ ချဉ်းကပ်ပုံသည် အထူးအရေးပါလာသည်။

သီးခြားစီ ခွဲထုတ်ထားသည့် အစီအစဉ်များအပေါ်သာ အာရုံစိုက်ခြင်းမဟုတ်ဘဲ စိုက်ပျိုးရေးစနစ်တစ်ခုလုံးကို ချိတ်ဆက်စဉ်းစား၍ အစီအစဉ်များကို ရေးဆွဲဆောင်ရွက်ထားသည်။ ၎င်းတွင် အရည်အသွေးမြင့် မျိုးစေ့များရရှိနိုင်ရေးနှင့်အတူ မြေဆီလွှာစီမံခန့်ခွဲမှုကောင်းမွန်ရေး၊ ပေါင်းစည်းထားသော ပိုးမွှားနှင့် ရောဂါစီမံခန့်ခွဲမှု၊ ရေရရှိနိုင်မှု တိုးတက်စေရေး၊ တောင်သူများအတွက်သင်တန်းများပေးခြင်းနှင့် ပြောင်းလဲလာသော အခြေအနေများကို လိုက်လျောညီထွေဖြစ်အောင် ကူညီပေးသည့် လုပ်ဆောင်ချက်များ ပါဝင်သည်။

ရာသီဥတုဆိုင်ရာ ရှုထောင့်မှ ကြည့်လျှင်လည်း ၎င်းသည် ခံနိုင်ရည်ရှိမှုနှင့် သက်ဆိုင်နေသည်။

ခံနိုင်ရည်ရှိတဲ့ စိုက်ပျိုးရေးစနစ်တစ်ခုဟာ ထိခိုက်မှုတွေကို ကြံ့ကြံ့ခံနိုင်ပြီး ပြန်ပြီးနာလန်ထူနိုင်ရမယ်” ဟု ရာသီဥတုဆိုင်ရာ ကျွမ်းကျင်သူက ဆိုသည်။ “ဒီအခြေအနေမှာ သီးနှံမျိုးစုံစိုက်ပျိုးခြင်း၊ ကျန်းမာတဲ့ မြေဆီလွှာ၊ ယုံကြည်စိတ်ချရတဲ့ ရေအရင်းအမြစ်များနဲ့ သတင်းအချက်အလက် လက်လှမ်းမီမှုတို့ ပါဝင်ပါတယ်။ ကျွန်ုပ်တို့အနေဖြင့် “စားနပ်ရိက္ခာစနစ်ကို အခြေခံသည့် စဉ်းစားပုံနှင့် ချဉ်းကပ်ဆောင်ရွက်ပုံ” (Food System Thinking Concept and Approach) ကို အသုံးချပြီး ကဏ္ဍအလိုက် သီးခြားမခွဲထားသည့် ချဉ်းကပ်ပုံနဲ့ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။”

လက်တွေ့တွင် ၎င်းသည် အန္တရာယ်လျှော့ချနိုင်ရန် သီးနှံမျိုးကွဲများ အသုံးပြုခြင်း၊ မြေဆီလွှာကောင်းမွန်လာစေရန် တဖြည်းဖြည်း မြှင့်တင်ခြင်း သို့မဟုတ် စိုက်ပျိုးချိန် ဆုံးဖြတ်ရာတွင် အထောက်အကူပြုနိုင်သည့် ရာသီဥတုဆိုင်ရာ သတင်းအချက်အလက်များ ရရှိနိုင်ခြင်းတို့ကို ဆိုလိုနိုင်သည်။

ဤလုပ်ဆောင်ချက်တစ်ခုချင်းစီသည် သီးခြားစီအားဖြင့် လုံလောက်မည်မဟုတ်ပေ။ သို့သော် အတူတကွ ပေါင်းစပ်လုပ်ဆောင်သည့်အခါ မသေချာမရေရာမှုများကို လျှော့ချပေးနိုင်သည်။

ထို “မသေချာမရေရာမှု” သည်ပင် ယနေ့ စိန်ခေါ်မှု၏ အဓိကအချက် ဖြစ်သည်။

မြန်မာနိုင်ငံ အလယ်ပိုင်းခြောက်သွေ့ဒေသတွင် လယ်သမားများသည် ဂျုံရိတ်သိမ်းရေးလုပ်ငန်းများကို အသေးစားစက်ယန္တရားများအသုံးပြု၍ ဆောင်ရွက်နေကြသည်။ စိုက်ပျိုးရေးဆိုင်ရာ စက်ကိရိယာများ၊ အရည်အသွေးကောင်းမွန်သော စိုက်ပျိုးရေးထည့်သွင်းပစ္စည်းများနှင့် လက်တွေ့အသုံးချနိုင်သော စိုက်ပျိုးရေးပညာများကို လက်လှမ်းမီနိုင်ခြင်းသည် ထုတ်လုပ်မှုတိုးတက်စေရန်နှင့် ကျေးလက်အသိုက်အဝန်းများ၏ ခံနိုင်ရည်အား ပိုမိုကောင်းမွန်လာစေရန် အထောက်အကူပြုနိုင်သည်။

လယ်သမားများစွာအတွက် မေးခွန်းမှာ ထုတ်လုပ်မှု တိုးမြှင့်ရေးတစ်ခုတည်း မဟုတ်တော့ဘဲ အမြဲပြောင်းလဲနေသော အခြေအနေများကြားတွင် ထုတ်လုပ်မှုကို မည်သို့ တည်တံ့စေမည်ဆိုခြင်း ဖြစ်သည်။ သီးနှံများ ပိုမိုယုံကြည်စိတ်ချရလာသည့်အခါ အကျိုးကျေးဇူးများသည် အထွက်နှုန်းတစ်ခုတည်းကို ကျော်လွန်သွားသည်။ ၎င်းသည် အစီအစဥ်ချနိုင်မှု၊ ဝင်ငွေတည်ငြိမ်မှုနှင့် နောက်ရာသီအပေါ် ယုံကြည်မှုတို့အပေါ် သက်ရောက်မှုရှိစေသည်။

ထို့ကြောင့် အပင်ကျန်းမာရေးကို စိုက်ပျိုးရေးဆိုင်ရာ ကိစ္စတစ်ခုတည်းအဖြစ်သာ မမြင်တော့ဘဲ ခံနိုင်ရည်ရှိမှု၏ အခြေခံအုတ်မြစ်တစ်ခုအဖြစ် ပိုမိုနားလည်လာကြသည်။ ဤအမြင်ကို ကျွမ်းကျင်သူနှစ်ဦးစလုံးက ထပ်မံအတည်ပြုခဲ့ကြသည်။ “ကျန်းမာသော အပင်များဟာ ခံနိုင်ရည်ရှိတဲ့ လူမှုအသိုက်အဝန်းများရဲ့ အခြေခံအုတ်မြစ်တွေထဲက တစ်ခုဖြစ်ပါတယ်။

၎င်းသည် ရိုးရှင်းသည့် စကားတစ်ခွန်းဖြစ်သော်လည်း ပိုမိုကျယ်ပြန့်သော အတွေးအခေါ်ပြောင်းလဲမှုကို ထင်ဟပ်စေသည်။ အပင်ကျန်းမာရေးကို အားပေးထောက်ပံ့ခြင်းသည် သီးနှံတိုးတက်ရေးအတွက်သာ မဟုတ်ဘဲ တောင်သူများအနေဖြင့် ပြောင်းလဲလာသော ပတ်ဝန်းကျင်အခြေအနေများအတွင်း လိုက်လျောညီထွေဖြစ်နိုင်စေရန်၊ အသက်မွေးဝမ်းကျောင်းမှုများကို တည်တံ့စေရန်နှင့် စားနပ်ရိက္ခာထုတ်လုပ်မှုကို ဆက်လက်လုပ်ဆောင်နိုင်စေရန် အထောက်အကူပြုသည့် စနစ်များကို အားကောင်းစေခြင်းလည်း ဖြစ်သည်။