LIFT သည် စားနပ်ရိက္ခာဖူလုံမှုနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို မြှင့်တင်ပေးခြင်းဖြင့် ပြည်သူလူထု၏ ကြံ့ခိုင်သန်မာမှုနှင့် ဂုဏ်သိက္ခာကို မြှင့်တင်ပေးပါသည်။
ယင်းရည်ရွယ်ချက်နှင့်အညီ LIFT သည် မြန်မာနိုင်ငံရှိ ပြည်သူလူထု၊ အထူးသဖြင့် အားနည်းထိခိုက်လွယ်သော ပြည်သူများကို ဦးတည်ကာ စားနပ်ရိက္ခာဖူလုံမှုနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအပေါ် အလေးပေးဆောင်ရွက်လျက်ရှိပါသည်။
စားနပ်ရိက္ခာဖူလုံရေး
စားနပ်ရိက္ခာဖူလုံခြင်းသည် အာဟာရပြည့်ဝသော အစားအစာများကို အမြဲမပြတ် ရရှိနိုင်ရန် အာမခံချက်ပေးသည်။ ၎င်းသည် ဆင်းရဲနွမ်းပါးမှု လျှော့ချရန်၊ ပြည်သူ့ကျန်းမာရေး မြှင့်တင်ရန်နှင့် ကမ္ဘာ့တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်ရန်တို့အတွက် အလွန်အရေးကြီးပါသည်။ စားနပ်ရိက္ခာဖူလုံရေးသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုခြင်း၊ စိုက်ပျိုးရေးကဏ္ဍ ထုတ်လုပ်မှုစွမ်းအားကို မြှင့်တင်ပေးခြင်းနှင့် အကျပ်အတည်းများအပေါ် ကြံ့ကြံ့ခံနိုင်မှုကို အားကောင်းစေခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။ ထို့အပြင် အာဟာရချို့တဲ့မှုကို ကာကွယ်ပေးပြီး အထူးသဖြင့် ကလေးသူငယ်များတွင် ကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ထွန်းစေပါသည်။
စားနပ်ရိက္ခာဖူလုံရေးဆိုသည်မှာ လူသားအားလုံးသည် ကျန်းမာတက်ကြွသော လူနေမှုဘဝကို ပိုင်ဆိုင်နိုင်စေရန်အတွက် ၎င်းတို့၏ အစားအသောက်ဆိုင်ရာ လိုအပ်ချက်နှင့် နှစ်သက်မှုများအတိုင်း၊ ဘေးကင်းပြီး အာဟာရပြည့်ဝသော အစားအစာများကို ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာအားဖြင့် လုံလောက်စွာ ရရှိနေသည့် အခြေအနေကို ဆိုလိုပါသည်။
စားနပ်ရိက္ခာဖူလုံမှု၏ အဓိကမဏ္ဍိုင်ကြီး (၄) ရပ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
၁။ စားနပ်ရိက္ခာ ရရှိနိုင်မှု - အစားအစာများ အမှန်တကယ် တည်ရှိနေခြင်းကို ဆိုလိုသည်။
၂။ စားနပ်ရိက္ခာ လက်လှမ်းမီမှု - တည်ရှိနေသော အစားအစာများကို ရရှိနိုင်စွမ်းရှိခြင်းကို ဆိုလိုသည်။
၃။ စားနပ်ရိက္ခာ အသုံးချနိုင်မှု - စားသုံးလိုက်သော အစားအစာများကို ခန္ဓာကိုယ်က အသုံးချနိုင်စွမ်းကို ဆိုလိုသည်။
၄။ စားနပ်ရိက္ခာ တည်ငြိမ်မှု - အထက်ဖော်ပြပါ မဏ္ဍိုင် (၃) ရပ်စလုံးကို အချိန်တိုင်း အမြဲတစေ ရရှိနေခြင်းကို ဆိုလိုသည်။ ရာသီဥတု ဖောက်ပြန်ခြင်း၊ စီးပွားရေး အကျပ်အတည်းဖြစ်ခြင်း (သို့မဟုတ်) ပဋိပက္ခများကဲ့သို့သော ရုတ်တရက် အပြောင်းအလဲများ (Shocks) ကြုံတွေ့ရချိန်တွင်ပင် စားနပ်ရိက္ခာ ပြတ်တောက်မှု မရှိစေရန် အာမခံချက်ရှိခြင်း ဖြစ်သည်။
အသက်မွေးဝမ်းကျောင်းမှု
အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းများသည် လူတစ်ဦးချင်းစီအတွက် စားနပ်ရိက္ခာ၊ နေထိုင်စရာနှင့် လုံခြုံမှုကဲ့သို့သော နေ့စဉ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရုံသာမက ကိုယ်ပိုင်ရပ်တည်နိုင်စွမ်းနှင့် ဂုဏ်သိက္ခာတို့ကိုလည်း ဖြစ်ထွန်းစေပါသည်။ စီးပွားရေးဆိုင်ရာ ရုတ်တရက်အကျပ်အတည်းများကို အိမ်ထောင်စုအလိုက် ကြံ့ကြံ့ခံနိုင်ရည်ရှိစေရန်၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရန်၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်နှင့် နေရပ်စွန့်ခွာတိမ်းရှောင်သူများအပါအဝင် အားနည်းထိခိုက်လွယ်သော ပြည်သူများကို စွမ်းဆောင်ရည်မြှင့်တင်ပေးရန်အတွက် အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းများသည် အလွန်အရေးကြီးပါသည်။ ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ရရှိပိုင်ဆိုင်ခြင်းသည် ပြည်သူလူထုကို ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်စေနိုင်မည့် အဓိကလမ်းစလည်း ဖြစ်ပါသည်။
ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းမှုတွင် အခက်အခဲများနှင့် ရုတ်တရက်အကျပ်အတည်းများကို ကြံ့ကြံ့ခံနိုင်စွမ်းနှင့် ပြန်လည်နာလန်ထူနိုင်စွမ်းတို့အတွက် လိုအပ်သော စွမ်းဆောင်ရည်များ၊ အရင်းအနှီးများနှင့် လုပ်ဆောင်ချက်များ ပါဝင်ပါသည်။ ထို့အပြင် နောင်လာမည့် မျိုးဆက်သစ်များအတွက် အခွင့်အလမ်းများ ဆက်လက်ဖန်တီးပေးနိုင်ရန် အရင်းအမြစ်များနှင့် စွမ်းဆောင်ရည်များကို ထိန်းသိမ်းခြင်း (သို့မဟုတ်) မြှင့်တင်ခြင်းတို့လည်း ပါဝင်သည်။ ဤသို့လုပ်ဆောင်ခြင်းဖြင့် လက်ရှိနှင့် အနာဂတ်ကာလ နှစ်ရပ်စလုံးတွင် ဒေသတွင်းသာမက ကမ္ဘာလုံးဆိုင်ရာအတွက်ပါ အကျိုးကျေးဇူးများကို ဖြစ်ထွန်းစေပါသည်။
ရေရှည်တည်တံ့သော အသက်မွေးဝမ်းကျောင်းမှုများကို အောက်ပါ အဓိကအရင်းအမြစ် (၅) ရပ်ပေါ်တွင် အခြေခံ တည်ဆောက်ထားပါသည် -
၁။ လူသားဆိုင်ရာ အရင်းအမြစ် - လူတစ်ဦးချင်းစီ၏ အရည်အသွေးများ ဖြစ်ကြသော သဘောထား ခံယူချက်များ၊ ကျွမ်းကျင်မှုများနှင့် အသိပညာ ဗဟုသုတများ ဖြစ်သည်။
၂။ သဘာဝဆိုင်ရာ အရင်းအမြစ် - သဘာဝအရင်းအမြစ်များ ဖြစ်သော လေထု၊ မြေယာ၊ မြေဆီလွှာ၊ ရေနှင့် တိရိစ္ဆာန်များ ဖြစ်သည်။
၃။ ငွေကြေးဆိုင်ရာ အရင်းအမြစ် - ငွေကြေးအရင်းအမြစ်များ ဖြစ်သည့် လုပ်ခလစာများ၊ စုဆောင်းငွေများနှင့် ချေးငွေများ ဖြစ်သည်။
၄။ လူမှုရေးဆိုင်ရာ အရင်းအမြစ် - ပတ်ဝန်းကျင်ရှိ အခြားသူများနှင့် တည်ဆောက်ထားသော ဆက်ဆံရေးများ ဖြစ်သည်။
၅။ ရုပ်ပိုင်းဆိုင်ရာ အရင်းအမြစ် - အခြေခံအဆောက်အအုံများ (လမ်း၊ တံတား)၊ စက်ကိရိယာများနှင့် နည်းပညာများ ဖြစ်သည်။
ပိုမိုလေ့လာရန်
အထောက်အထားများ၊ အားလုံးပါဝင်နိုင်မှု၊ ဒေသအခြေအနေအပေါ် မူတည်၍ တုံ့ပြန်ဆောင်ရွက်မှုနှင့် ဒေသခံများကို ဦးစားပေးမှု
Where We Work




